ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် နိုဝင်ဘာ ၅

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၉) ရက်မှ (၂၀) ရက်နေ့အထိ နေပြည်တော်တွင်ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၃) တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းသို့ပြောကြားရာတွင် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ကျင်းပမည့် အားကစားနည်း (၂၄) နည်းတွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ (ဗဟို) မှချမှတ်ထားသော ဦးတည်ချက် (၅) ချက်နှင့်အညီ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အရည်အချင်းရှိရှိ အဆင့်မီမီအားကစားသမားများ စိစစ်ရွေးချယ်၍ ကြိုးစားယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက အားကစားပြိုင်ပွဲများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသော ဆပ်ကော်မတီများမှ တာဝန်ရှိသူများက အားကစားနည်းအလိုက် လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့သည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးမှ အားကစားသမား (၄၆၇) ဦး၊ အုပ်ချုပ်သူနှင့်နည်းပြ (၁၅၃) ဦး စုစုပေါင်း (၆၂၀) ဦးသွား​ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)