လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

လိပ်သို နိုဝင်ဘာ ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  အသိပညာပေးလုပ်ငန်းများကို  စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ စာဖတ်ခြင်းဖြင့် လူသားတို့၏ အတွေးအခေါ်၊ အသိပညာ၊ အမှားအမှန်၊ ဆင်ခြင်တုံတရားများ မြင့်မားလာကြမည်ဖြစ်ကြောင်း၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း လူတို့၏မိတ်ဆွေစစ်များမှာ စာအုပ်များပင်ဖြစ်ကြောင်း၊ အလိမ္မာစာမှာရှိ ဆိုသကဲ့သို့ စာဖတ်ခြင်းသည် လူကိုယဉ်ကျေးစေ၍ အလိမ္မာတရားကိုလည်း တိုးပွားစေကြောင်း၊ စာဖတ်ခြင်းသည် ကျောင်းသားလူငယ်များအတွက် စာပေသင်ကြားရာတွင် အထောက်အကူဖြစ်စေရုံသာမက အထွေထွေဗဟုသုတကိုလည်း ရရှိစေနိုင်ကြောင်းနှင့် စပ်လျဉ်း၍ ပညာပေးပြောကြားခဲ့သည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် “ အသိပညာဗဟုသုတကြွယ်၀ဖို့ စာအုပ် စာပေဖတ်ကြစို့ ” အသိပညာပေး နံရံကပ်စာစောင်အားပြသခဲ့ရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သား၍ သိရှိလိုသည်များအား မေးမြန်းခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်(ပြန်/ဆက်)