နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အထိမ်း အမှတ်အခမ်းအနားတက်ရောက်

နေပြည်တော် နိုဝင်ဘာ ၅

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးနှင့်အရာထမ်းအမှုထမ်းများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ၏အုပ်ချုပ်ရေး သမိုင်းတစ်လျှောက်တွင် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်ခဲ့ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရားပြောင်းလဲမှုဖြစ်စဉ်များနှင့်အတူ ပြုပြင်ပြောင်းလဲဖွဲ့စည်း ရပ်တည်ခဲ့ရာက ယနေ့ခေတ် ကာလတိုင်အောင်အစိုးရ၏အုပ်ချုပ်ရေးကို အထောက်အကူပြုသည့်ဌာနကြီး တစ်ခုအနေ​ဖြင့်ဆက်လက်ရပ်တည်နိုင်ခဲ့သည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက်ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ခဲ့ပြီး နှစ်ပတ်လည်နေ့ကိုလည်း အဓိပ္ပါယ်ရှိသည့် အခမ်းအနားတစ်ခုအဖြစ် ယနေ့ထက်တိုင် ကျင်းပခဲ့သည်မှာ မိမိတို့ဌာန၏ ကြီးမားသည့်အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ အဓိကရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့ အကျိုးပြုဆောင်ရွက်ရေးစသည့် ဌာန၏ရည်မှန်းချက်များ၊ နိုင်ငံတော်မူဝါဒ လိုက်နာရေး၊ အခြေခံသဘောတရားနှင့်ကိုက်ညီရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေးဆိုသည့်ဌာန၏ မူဝါဒများနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြရမှာဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့်မူလ လုပ်ငန်းတာဝန်များအပြင် ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများမှာ အုပ်ချုပ်ရေးအခန်းကဏ္ဍမှ ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်လာနိုင်တာကို တွေ့ရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ရေး၊ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ ရောဂါပျံ့နှံ့မှု အား ထိန်းချုပ်နိုင်ရေး Quarantine Centre များ ဖွင့်လှစ်ခြင်းလုပ်ငန်းများ  သဘာဝဘေးဒဏ်သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ကြရမှာဖြစ်ကြောင်း၊  နေပြည်တော်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများကအားထားရသည့် အုပ်ချုပ်ရေးဌာနကြီးတစ်ခုအဖြစ် အခိုင်အမာ ဆက်လက် ရပ်တည်သွား နိုင်အောင်ကြိုးပမ်း ဆောင်ရွက်သွားကြပါလို့ မှာကြားလိုပါကြောင်း၊ ဒါ့အပြင်နိုင်ငံတော်က ချမှတ်ထားသည့် အမျိုးသားရေး ရည်မှန်းချက်(၂)ရပ်၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်၊ ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို “မူဝါဒ”အဖြစ်ခံယူပြီး ကျရာအခန်းကဏ္ဍကနေ အကောင် အထည်ဖော်ဆောင်ရွက်ကြရာမှာ တတ်စွမ်းသမျှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် ပြည်သူများကို ကူညီ ဆောင်ရွက်ပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဦးဆောင်ဦးရွက်ပြုရသည့် လုပ်ငန်းတာဝန်များကို ရိုင်းပင်းကူညီ ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံ့အကျိုးကို အစဉ်သယ်ပိုးနိုင်ပြီး အရည်အသွေး ပြည့်ဝသည့် အုပ်ချုပ်ရေး ဝန်ထမ်းကောင်းများဖြစ်အောင်  ကြိုးပမ်းဆောင်ရွက်ကြ​စေလိုကြောင်း ပြောကြားသည်။

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဖြစ်စဉ်မှတ်တမ်း Video Clip ပြသသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၀၀)တွင် စံပြဆုရရှိခဲ့သည့် ဇေယျာသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်ဝင့်အောင်နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၆၆)တွင် စစ်ရေးပြထူးချွန်ဆုရရှိခဲ့သည့် နေပြည်တော်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်နော်ဟန် တို့အား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ပြီး ဝန်ထမ်းများအား တူညီဝတ်စုံများပေးအပ်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)