မြစ်သား နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ မြင်းကြီးကျေးရွာအုပ်စု ကွင်းအမှတ် (၆၃၀) ကွင်းရှိ ကျေးလက်နေတောင်သူများသည် မြေအောက်ရေကို အသုံးပြုကာ စိုက်ပျိုးထားသော သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ မြင်းကြီးကျေးရွာ၊ ဒိုင်းကြီးကျေးရွာ၊ မြနဒီကျေးရွာ၊ ရွာခိုင်ကြီးကျေးရွာ၊ ခရုထုတ်ကျေးရွာ၊ သရက်ပင်ကံစွယ်ကျေးရွာ၊ ရွှေလေးကျေးရွာ၊ ကဆွန်ကျေးရွာများမှ တောင်သူများသည် မြေအောက်ရေကို အသုံးပြုပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ မြေအောက်ရေဖြင့် အဓိကစိုက်ပျိုးကြသည့် သီးနှံများ ဖြစ်သော ပဲအမျိုးမျိုး၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ ခရမ်းသီး၊ ဟင်းသီးဟင်းရွက် အမျိုးမျိုးတို့အပြင် နှစ်ရှည်သီးနှံများဖြစ်သည့် မာကာလာ၊ သင်္ဘော၊ သံပရာ စသည့် သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။ သင်္ဘောကို မိုးဦးကာလတွင်စတင် ပျိုးထောင်ရပြီးအမြင့် (၉)လက်မ ၊ အကျယ် (၅) လက်မအိတ်များထဲသို့ နွားချေး၊ မြေဆွေး၊ နှုံးမြေနှင့် သဲတို့ သမအောင် ရောစပ်ပြီး တစ်အိတ်တစ်စေ့နှုန်း စိုက်ပျိုးကာ တစ်လသားအရွယ်တွင် ရွှေ့ပြောင်းစိုက်ပျိုး ကြကြောင်း သိရသည်။ သင်္ဘောပင်များ ပြောင်းရွှေ့မစိုက်ပျိုးမီ စိုက်ပျိုးမည့် ယာကွက်ကို ကြိုတင်ထွန်ယက်ပြီး တစ်ပင်နှင့်တစ်ပင် (၆)ပေ (၈)လက်မခြားကာ အလျား၊ အနံ(၂)ပေအနက် စိုက်ကျင်းများ ပြုလုပ်ပြီး စိုက်ကျင်းများထဲသို့ နွားချေး၊ နုန်းမြေ၊ မြေဆွေးတို့ကို ဆတူရောပြီး ကြိုတင်ထည့်ထားကာ တစ်ဧက အပင် (၇၀၀) စိုက်ပျိုးကြကြောင်း သိရသည်။
သင်္ဘောတစ်ဧက စိုက်ပျိုးစရိတ် ကုန်ကျငွေကျပ် (၂၇)သိန်းမှ ကျပ် (၃၀)သိန်း ခန့်ကုန်ကျမည်ဖြစ်ပြီး သင်္ဘောသီး ရောင်းချရာတွင် (၂)တင်းခွဲဝင် ပီနံအိတ် တစ်အိပ်လျှင် (၄၅၀၀၀/-) ကျပ် ရောင်းချရကြောင်း သင်္ဘောစိုက်တောင်သူ ဦးအောင်ကျော်မျိုးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)