ခိုလမ် နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်တရားမဝင် သစ်ထုတ်ယူမှုလျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်မွန်းလွဲ (၃)နာရီအချိန်က ဟိုင်းလိုက်ကျေးရွာအုပ်စု၊(၂၉)မိုင်ကျေးရွာ စာသင်ကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခိုလမ်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လွိုင်လင်ခရိုင် သစ်တောဦးစီးဌာန၊တောအုပ်ကြီး ဦးဇော်မင်းအောင်မှ မီးခိုးမြူငွေ့အကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ တရားမဝင်သစ်ထုတ်ယူမှုမဖြစ်ပေါ်စေရေးအကြောင်းအရာများကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ခိုလမ်မြို့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဌာန၊ လျှပ်စစ်အင်ဂျီနီယာ ဦးအောင်ဆန်းမှ လျှပ်စစ်မီးသုံးစွဲရာတွင် သတိပြုလိုက်နာဆောင်ရွက်သင့်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားကာ လျှပ်စစ်မီးသုံးစွဲမှု အန္တရာယ်ကင်းရှင်းရေးအသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများထဲသို့အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာသော ဒေသခံပြည်သူ(၅၀)ဦးခန့်တို့မှ သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းရာပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)