ပျဉ်းမနား နိုဝင်ဘာ ၃
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ယောက်သွားအင်းကျေးရွာအုပ်စု၊ ကြံဖိုစုကျေးရွာသို့ သွားရောက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက် ဆောက်လုပ် ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ကျေးရွာစာကြည့်တိုက် မကြာမီဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် ပရိဘောဂ၊ စာအုပ်စာစောင်နှင့် စာကြည့်တိုက်အင်္ဂါရပ်နှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ရမည့်လုပ်ငန်းများအား စနစ်တကျ ကြိုတင်ဆောင်ရွက်ထားရှိရန်နှင့် ကျေးရွာစာကြည့်တိုက် ရေရှည်ရှင်သန်ခိုင်မာဖွံ့ဖြိုးစေရေး အတွက် ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ သနပ္ပင်ဆိပ်ကျေးရွာအုပ်စု၊ သနပ္ပင်ဆိပ်(အနောက်)ကျေးရွာသို့သွားရောက်၍ ကျေးရွာ စာကြည့်တိုက်ဆောက်လုပ်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးရာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက စာကြည့်တိုက်ဆောက်လုပ်ရေးလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာသို့သွားရောက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီရန်ပုံငွေ ကျပ်သိန်း ၅၀ ဖြင့် ကျေးရွာစာကြည့်တိုက် ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကိုကြည့်ရှုပြီး လုပ်ငန်းများအချိန်မီပြီးစီးရေးနှင့် စာကြည့်တိုက်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)