ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်များတို့ (၁၆၁)ကြိမ်မြောက် မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို တိုင်ဆောင်တိုင်ပွဲတော်ကာလ နိုဝင်ဘာ (၁၄)ရက် တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့မှ နိုဝင်ဘာ(၁၅)ရက် တန်ဆောင်မုန်းလပြည့်ကျော်(၁) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြသိန်းတန်ဘုရားကြီး ကျောင်းတိုက်ဂေါပကအဖွဲ့ထံမှ သိရသည်။
မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသ စာရီကြွချီအပူဇော်ခံယူပွဲတော် မစတင်မီ တန်ဆောင်မုန်းလဆန်း(၁၂)ရက်နေ့နှင့် တန်ဆောင်မုန်း လဆန်း (၁၃)ရက်နေ့တို့တွင် အမှတ်(၂)ရပ်ကွက် ဈေးဟောင်းရှေ့ ယာယီမဏ္ဍပ်တွင် (၂)ညတာကိန်းဝပ် စံပယ်တော် မူမည်ဖြစ်ပြီး မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အရှင်သူမြတ်များက ပဌာန်းရွတ်ဖတ်ပူဇော် ကြမည်ဖြစ်သလို ဝတ်ရွတ်အဖွဲ့များမှလည်း အလှည့်ကျပူဇော်ခြင်းများကို ဆောင်ရွက် သွားမည်ဖြစ်သည်။ မြို့တွင်းသို့ တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့အထိ ဒေသစာရီကြွချီအပူဇော်ခံယူရာတွင်လည်း သက်ဆိုင်ရာရပ်ကွက်များအလိုက် ခဏတာကိန်းဝပ်စံပယ်တော်မူရန်အတွက် ယာယီမဏ္ဍပ်ဆောင်များဆောက်လုပ်ကာ အပူဇော်ခံခြင်းဖြင့် တန်ဆောင်တိုင်ပွဲတော်ကာလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်များတို့မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့အထိ(၃)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဆိုလျှင်(၁၆၁)ကြိမ်မြောက်အထိရှိပြီဖြစ်သည်။
မြို့တွင်းဒေသစာရီကြွချီ အပူဇော်ခံယူရာတွင်လည်း နှစ်စဉ်ရပ်ကွက်နေပြည်သူများက ပန်း၊ ရေချမ်း၊ ဆီးမီးအမွှေးနံသာများ ထွန်းညှိပူဇော်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လိုက်ပါပို့ဆောင်သည့် ဘုရားဂေါပကအဖွဲ့ဝင်များ၊ လူငယ် အဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ဝတ်ရွတ်အဖွဲ့များကို စေတနာအလှူရှင်များက ကုသိုလ်ဒါနအဖြစ် မုန့်များ၊ အစားအသောက်များ လှူဒါန်းခြင်းဖြင့် နှစ်စဉ်စည်ကားလျက် ရှိသည်။
ဇင်မင်းထိုက်(ထန်းတပင်)