တပ်ကုန်း နိုဝင်ဘာ ၃
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးဇေယျာလင်းတို့သည် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာဟောပြောဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့များနှင့်တွေ့ဆုံ၍ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်စပ်လျဉ်း၍ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်း စစ်မှုထမ်းဆောင်ရန် လိုအပ်ကြောင်း၊ ခံစားခွင့်များအနေဖြင့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်များ၊ ဥပဒေနှင့်အညီ ခံစားခွင့်များချပြဆွေးနွေးခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကြောင့် ပြည်သူများသေဆုံးဒဏ်ရာရ ဖြစ်စဉ်များချပြခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်၍ ဆက်စပ်မှုမရှိစေရေး ရှင်းလင်းဆွေးနွေးခြင်း၊ ရာဂိမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ရပ်ကွက်၊ ကျေးရွာများတွင် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုစကားပြောကြားခြင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များအား ပေါင်းစပ်ဆောင်ရွက်ခြင်း၊ အကြမ်းဖက်အဖျက်သမားများကို လူထုအားဖြင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် နယ်မြေအတွင်း အကြမ်းဖက်အဖွဲ့အစည်းများ ဝင်ရောက်လှုပ်ရှားမှုမရှိစေရေးနှင့်ပြည်ဖျက်သတင်းဌာနများ၏ မဟုတ်မမှန် သတင်းအမှား များအပေါ် ယုံကြည်မှုမရှိစေရေးတို့ကို ရှင်းလင်းမှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့်လုံခြုံရေး ဆိုင်ရာကိစ္စရပ်များအား တင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေအကောင်အထည်ဖော်ရာတွင် မြို့နယ်အလိုက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စည်းကမ်းတကျစုဆောင်းမှုကို အလေးထားလုပ်ဆောင်ရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်