ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေးဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲ(သင်တန်း)ဖွင့်ပွဲအခမ်းအနား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ကျင်းပ

ဒဂုံတောင်  နိုဝင်ဘာ ၂

အခြေခံပညာကျောင်းများတွင်  ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန်၊ အစပျိုးလှုပ်ရှားမှုများ လုပ်ဆောင်ရသည့်အကြောင်းအရင်းများ၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်စေရန်နှင့် ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု၊ အသင်းအဖွဲ့များဖွဲ့စည်းဆောင်ရွက်ခြင်းကို တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီရန်ရည်ရွယ်ချက်များဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုး လှုပ်ရှားမှုများ(Student Participation Initiatives- SPI) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ဆွေးနွေးပွဲ(သင်တန်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇင်သက်ဦးက အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင် ပညာရေးမှူး ဦးငွေသူရက ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ(Student Participation Initiatives- SPI) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ဆွေးနွေးပွဲ(သင်တန်း)များ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးကီးလောဟာ သင်တန်းစည်းကမ်းများနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကိုရှင်းလင်းပြောကြားသည်။

 အဆိုပါ ဆွေးနွေးပွဲ(သင်တန်း)ကို နိုဝင်ဘာလ ၂ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး   ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း ၄၂ ဦး တက်ရောက်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နေမျိုးအောင်(ဒဂုံဝောာင်)