ဝိတိုရိယတောင်တက်လမ်းအသစ် ရှာဖွေပြီးစီးသဖြင့် DMO အစည်းအဝေး ဆုံးဖြတ်ချက်နဲ့အတူ ဘတ်ဂျက် တင်ပြတောင်းခံခြင်းများ ပြုလုပ်သွားမည်

ကန်ပက်လက်  နိုဝင်ဘာလ ၂၅

ချင်းပြည်နယ်အတွင်း အထင်ကရနေရာတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများ၏ စိတ်ဝင်စားမှု အပြည့်အဝရရှိထားသည့် ဝိတိုရိယတောင်(နတ်မတောင်) တောင်တက်လမ်းအသစ် ထပ်မံရှာဖွေ ပြီးစီးခဲ့ပြီးနောက် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ (DMO) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်အတူ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ဘတ်ဂျက်တောင်းခံခြင်းများ ပြုလုပ်သွားမည်ဟု ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် DMO အစည်းအဝေး အရ သိရပါသည်။

ယခင်ဝိတိုရိယတောင် ‌ခြေလျှင်တောင်တက်လမ်း (၂) ခုရှိခဲ့ရာမှ ခရီးသွားပြည်သူများ ခရီးသွားလာရာတွင် ခြေလျှင်တောင်တက်ခြင်းအရသာကို အပြည့်အဝရရှိစေရန် ရည်ရွယ်လျက် ဟော်တယ်နှင့်ခရီး ညွှန်ကြားမှု ဦးစီးဌာနမှဦးစီ၍ နတ်မတောင် (ခေါ်နူးစုမ်) အမျိုးသားဥယာဉ် ၀န်ထမ်းများနှင့်ဒေသခံ ဧည့်လမ်းညွှန် များဖြင့် ခြေလျှင်တောင်တက်လမ်း အသစ်တစ်ခုအား ထပ်မံရှာဖွေခဲ့ကြပြီးနောက် ဌာနဆိုင်ရာများနှင့် ဟော်တယ်လုပ်ငန်းရှင်များပါဝင်သည့် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (DMO) အစည်းအဝေး ပြုလုပ်ကာ ယင်းရှာဖွေထားသည့် လမ်းကြောင်းသစ်အား ပြုပြင်မွန်းမံနိုင်စေရေးအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့သို့ ကုန်ကျမည့် ဘတ်ဂျက်များကို တင်ပြတောင်းခံမှုများပြုလုပ်နိုင်ရေး လိုအပ်လျက်ရှိသည့် ဆွေးနွေးဆုံးဖြတ်ချက်များ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး လိန်းမောင်းရှိန်း က ပြောပါသည်။

အဆိုပါ‌ခြေလျှင် တောင်တက်လမ်းအသစ်တွင် ခရီးသွားပြည်သူများအတွက် ပိုမိုအဆင်ပြေစေရန် လမ်းညွှန် ဆိုင်းဘုတ်များအပြင် လမ်းတစ်ဝက် ခေတ္တနားခိုနိုင်စေရန် ဇရပ်များနှင့် သဘာဝအလှအပ ရှုခင်းများဖြင့် ဓာတ်ပုံရိုက်ကူးနိုင်မည့် နေရာများအား စီစဥ်ဆောင်ရွက်သွားရန်ရှိကြောင်း၊ ယခုရှာဖွေထားသည့် လမ်းကြောင်းမှာ (၁၀) မိုင်တစ်ဖာလုံမှ ဝိတိုရိယတောင်ပေါ်သို့ တက်ရမည့် လမ်းကြောင်းဖြစ်ပြီး စုစုပေါင်းအရှည် (၄) မိုင်(၂)ဖာလုံရှိကာ သဘာဝရှုခင်းများအား ပိုမိုကြည့်ရှု ခံစားနိုင်မည် ဖြစ်ကြောင်းနှင့် ကန်ပက်လက်မြို့နယ်အတွင်း ခရီးသွားကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်မည့် အစီအမံများစွာရှိရာ ယင်းဆောင်ရွက်မည့် ကိစ္စများကို (DMO) အစည်းအဝေး ဆုံးဖြတ်ချက်များဖြင့်သာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြမ ည်ဖြစ်ကြောင်း သိရပါသည်။

ကိုလိန်း(ပြန်/ဆက်)