နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တောင်သူများအား ဆောင်းသီးနှံမတ်ပဲနှင့် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲတက်ရောက်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအုပ်စု၊ အိုင်စောက်ကျေးရွာ၊ ကျောက်ချက် စိုက်ပျိုးစီးပွား အသိပညာပေးစင်တာတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများတွင် ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများတွင် ရာသီသီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ရေး၊ စပါးအပါအဝင်သီးနှံများ အားလုံး ပန်းတိုင်အထွက်နှုန်းများရရှိရေး၊ သွင်းအားစုများကို စနစ်တကျ ထည့်သွင်းနိုင်ရေး၊ စိုက်ပျိုးရေကို အလေအလွင့်မရှိစေရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာဆောင်ရွက်နိုင်ရေးကို အလေးထား လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ကို လစ်ဟာမှုမရှိအောင် စနစ်တကျ လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများတိုးချဲ့ စိုက်ပျိုးနိုင်ရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော်အတွင်းရှိ စိုက်ပျိုးစီးပွားအသိ ပညာပေးစင်တာများတွင် တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ သီးနှံအထွက်နှုန်းများ တိုးတက်ထွက်ရှိရေးအတွက်အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက်ကြရမှာဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် လယ်ယာမြေများတွင် ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးတို့က ဆောင်းသီးနှံပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် နေကြာနှင့် မတ်ပဲမျိုးစေ့များကို တောင်သူများအား ထောက်ပံ့ပေးအပ်ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ရေဆင်းဆည်လက်ယာ(၁)မြောင်းမကြီးပေါ်ရှိ ရှားစေးဖိုကုန်ထုတ် မြောင်းကူး တံတားအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း၊ ရေဆင်းဆည် လက်ယာ(၁)မြောင်းမကြီး မိုင်နာ(၅)အတွင်း တူးမြောင်းပြန်လည်ပြုပြင်ခြင်းလုပ်ငန်း၊ ရွှေပေး- ရှားစေးဖို ကျေးရွာချင်းဆက်လမ်းကို ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရည်ခိုင်ခံ့စေရေးကို တွက်ချက်ဆောင်ရွက်စေလိုကြောင်း၊ ရေနစ်မြုပ်ခဲ့သည့် လယ်ယာမြေများ အမြန်ပြန်လည် စိုက်ပျိုးနိုင်ရေးကို စနစ်တကျစီမံဆောင်ရွက်ရန်နှင့် အထူးဇုန်စံပြစိုက်ကွင်း ဖြစ်စေရေးကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လမ်းခင်းခြင်း လုပ်ငန်းတွင် သတ်မှတ်စံချိန် စံညွှန်း ပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ လမ်းပခုံးသားများကို သတ်မှတ်ချက်နှင့် အညီဖြစ်စေရေးကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်းမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ကျေးရွာအတွင်း သန့်ရှင်းသာယာရေးလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ပေါက်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင်း သန့်ရှင်းသာယာလှပရေးနှင့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်သစ် တည်ဆောက်နေမှု အခြေအနေများကိုလည်းကောင်း၊ အေးမြင့်သာယာလမ်းဘေးဝဲယာ တစ်လျှောက်သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရေနုတ်မြောင်း၊ ရေဆိုးထုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများကို အမြန်အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန် ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)