မြစ်ကြီးနား နိုဝင်ဘာ ၁
ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်ဝန်ကြီးချုပ်သည် အောက်တိုဘာ ၃၁ ရက်ညနေပိုင်းက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အသက် (၂၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အားကစားသမား စိစစ်ရွေးချယ်လေ့ကျင့်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခဲ့သည့် ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် နောင်ရာ FC အသင်းနှင့် Brother FC အသင်းတို့၏ အကြိတ် အနယ်ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ Brother FC အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအတွက်အမှတ်တရ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ နေရာအလိုက် အကောင်းဆုံကစားသမားဆုများနှင့် အသန့်ရှင်းဆုံးအသင်းဆု၊ တတိယဆုရ အသင်းတို့အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဒုတိယဆုရအသင်းအတွက် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်အား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုဖလားတို့အားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလအောင်က ပထမဆုရအသင်းအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း (၃၀)ကိုလည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်က ပထမတံခွန်စိုက်ဆုဖလားအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)