နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသများတွင် ဆီထွက်သီးနှံနေကြာနှင့် အစေ့ထုတ်ပြောင်း သီးနှံများ စိုက်ပျိုးနိုင်‌ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် အောက်တိုဘာ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသများတွင် ဆီထွက်သီးနှံနေကြာနှင့် အစေ့ထုတ်ပြောင်းသီးနှံများ စိုက်ပျိုးနိုင်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ မြို့နယ်ရှစ်မြို့နယ်မှ တောင်သူကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ရာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်တွင် မိုးစပါးအပါအဝင် သီးနှံစုံရေနစ်မြုပ်ပျက်စီးခဲ့ပါကြောင်း၊ နေပြည်တော်တွင် အဓိကသီးနှံ ၁၀ မျိုး ကိုစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း၊ စသည့် နည်းလမ်းလေးရပ်ကို  ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဓိက သီးနှံများတည်းမှ ဆောင်းအစေ့ထုတ်ပြောင်းသီးနှံ ၃၆၀၄ ဧကနှင့် ဆောင်းနေကြာသီးနှံ ၅၂၇၇ ဧကကို ရေဘေးသင့်ဧရိယာအပါအဝင် မြို့နယ်ခြောက်မြို့နယ်တွင် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံများအား စိုက်ပျိုးနိုင်ရန်အတွက် မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နေပြည်တော်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများနှင့် တောင်သူများက အတူတကွဝိုင်းဝန်းပူးပေါင်း ကြိုးစားအားထုတ်ကြရမှာ ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည်များက နေပြည်တော်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသများတွင် ဆီထွက်သီးနှံနေကြာနှင့် အစေ့ထုတ်ပြောင်းသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)