မြစ်သား အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရတနာအောင်မြေဘုရားဝန်းအတွင်း ဘူတာရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား အခြေခံကျန်းမာရေးဆိုင်ရာ ဆေးကုသပေးခြင်း၊ ဆေးဝါးများ ထောက်ပံ့လှူဒါန်းပေးခြင်းနှင့် သုံးဆူရတနာဆုတောင်းပြည့်စေတီတွင် ဘူတာရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်၊ အတွင်းရေးမှူး ဦးကျော်ကျော်နှင့် အသင်းအဖွဲ့ဝင်များ၊ မြစ်သားမြို့ ကြက်ခြေနီအသင်းနာယက ဦးတင့်လွင်ဦးနှင့် အသင်းအဖွဲ့ဝင်များ ဦးဆောင်ကာ မြစ်သားမြို့ ရတနာအောင်မြေဘုရားဝန်းအတွင်း ဘူတာရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား အခြေခံကျန်းမာရေးဆိုင်ရာ ဆေးကုသပေးခြင်းနှင့် ဆေးဝါးများကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အသင်းအဖွဲ့ဝင်များသည် သုံးဆူရတနာဆုတောင်းပြည့်စေတီ ပရဝုဏ်အတွင်း၌ ဘူတာရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆန် (၁၅) ပြည် ဆီ (၁) ပိဿာနှုန်းဖြင့် ရေဘေးသင့်အိမ်ထောင်စု (၁၅၀) စုအတွက် သွားရောက်ကူညီလှူဒါန်းပေးခဲ့ကြောင်း မြစ်သားမြို့ ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်