ရန်ကုန်၊ စစ်ကိုင်းတို့တွင် ပညာရေးဘွဲ့နှင့် (ပထမနှစ်)ဝိဇ္ဇာ/သိပ္ပံသင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား/သူများ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကျင်းပ

ထားဝယ် အောက်တိုဘာ  ၂၉

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ (B.ED)(၅)နှစ် သင်တန်းအမှတ်စဉ် (၁၂) နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း) တို့၏ (ပထမနှစ်) ဝိဇ္ဇာ/သိပ္ပံသင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား/သူများက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲ အခမ်း‌အနားကို ယမန်နေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးမှ အတည်ပြုရွေးချယ်ထားသော ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ် သင်တန်းဝင်ခွင့်ရ သင်တန်းသား/သူများအနေဖြင့် မကြာမီ အချိန်တွင်သက်ဆိုင်ရာ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များသို့ သွားရောက်ကြရမည်ဖြစ်သည့်အတွက် လမ်းခရီး၌ ကြီးကြပ်သူဆရာများနှင့် တာဝန်ရှိသူများ၏ မှာကြားချက်များ၊ စည်းကမ်းချက်များကို တိကျစွာလိုက်နာကြရန် လိုအပ်ကြောင်း၊  တိုင်းရင်းသားပေါင်းစုံ တက်ရောက်သော ကျောင်းတော်ကြီးများဖြစ်ကြသည့်အတွက် သင်တန်းတွင် စာပေ၊ ပညာရပ်များကို သာမကပြည်ထောင်စု စိတ်ဓာတ်ဘာသာရပ်များ၊ ခေတ်နှင့်လျော်ညီသည့် အတတ်ပညာဘာသာရပ်များကိုပါ သင်ကြားမှာဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ တတ်မြောက်၍ ကျောင်းဆင်းပြီးသွားပါက မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျရာကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးစံများကို သိရှိနားလည်ထိန်းသိမ်းနိုင်စေရန်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ဆောင်ရွက်လိုသည့် စိတ်ဓာတ်များတိုးပွားလာစေရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျောင်းမှသင်ကြားပေးမည့် အသိပညာဗဟုသုတများ၊ အမြင်များ၊ အတွေ့အကြုံများကို မိမိတို့ဘဝအတွက်၊ မိမိတာဝန်ထမ်းဆောင်မည့် ဒေသအတွက် မိမိအမျိုးဘာသာ၊ သာသနာအတွက် ကောင်းရာကောင်းကျိုး၊ တိုးတက်ရာ တိုးတက်ကြောင်းတို့အတွက် တတ်နိုင်သမျှ ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကျောင်းတော်ကြီးတွင် တိုင်းရင်းသားပေါင်းစုံတွေ့ဆုံရမှာ ဖြစ်သောကြောင့် သင်တန်းသား/သူများအချင်းချင်း ညီအစ်ကိုမောင်နှမရင်းသဖွယ် တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် စည်လုံးညီညွတ်စွာဖြင့် ကောင်းသောဓလေ့စရိုက်များကို အတူယူကြရန် လိုအပ်ပြီး အစားအသောက်၊ အနေအထိုင်၊ ကျန်းမာရေး အထူးဂရုစိုက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား/သူများအား စုစုပေါင်း ထောက်ပံ့ငွေကျပ်(၂၅)သိန်းပေးအပ်ပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)