ထားဝယ် အောက်တိုဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Petro & Trans Co.,Ltd တို့အကြား ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ပထမအကြိမ်သက်တမ်းတိုး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ပထမအကြိမ်သက်တမ်းတိုးနိုင်ရေးအတွက်ကို ထားဝယ်ခရိုင်အနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း သက်တမ်းကုန်ဆုံးမှာဖြစ်သောကြောင့် နီးကပ်လာပြီးဖြစ်သည့်အတွက် ယနေ့တွင် လက်မှတ်ရေးထိုးချုပ်ဆိုရခြင်းဖြစ်ကြောင်း၊ အဓိကအနေဖြင့် လျှပ်စစ်ဓာတ်အားမှန်မှန်ရရှိရေး၊ လျှပ်စစ်ဓာတ်အားခနှုန်းထားကျဆင်းရေး ကိစ္စရပ်များကိုလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြိတ်မြို့တွင် လျှပ်စစ်ဓာတ်အားခနှုန်းထား ၁၂၀၀ ခန့်ဖြစ်နေသည့်အတွက် တတ်နိုင်သည့်ဘက်က ဈေးနှုန်းကျဆင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ HFO နှင့် ဓာတ်အားပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Petro & Trans Co.,Ltd တို့အကြား ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ပထမအကြိမ်သက်တမ်းတိုး သဘောတူစာချုပ်အားတာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)