မှော်ဘီ အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာဇဗ္ဗူအေးမြို့ဦးစေတီတော်နှင့် သာသနာ့ဗိမာန်တော်ကြီးဆက်လက်တည်ဆောက်ရေးအတွက် လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းတည့် ၁ နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို၍ဖွင့်လှစ်ခဲ့ပြီး ကိုးလုံးကွင်းပတ္တိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလဆောက်တည်၍ ဆရာတော်၊ သံဃာတော်များမှ ချီးမြှင့်သော ပရိတ်တရားတော်များနာကြားပြီး ဆရာတော်များအားလှူဖွယ်ဝတ္ထုများ ဆပ်ကပ်ခဲ့သည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော်များမှ အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများအား မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံကျော်၊ အဖွဲ့ဝင်(၂)ဦးဝင်းစိုးနှင့်အလှူရှင်များအား အသီးသီးပေးအပ်ချီးမြှင့်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးဝင်းစိုးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဆရာတော်များထံမှ အနုမောဒနာနှင့်ရေစက်သွန်းချ တရားနာယူခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)