နေပြည်တော် အောက်တိုဘာ ၂၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက် အတွင်းရှိ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးအတွက် ကျောင်းအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ ဆရာမများကနှင့် ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းဆောင်များ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ် ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားကာ သန့်ရှင်းရေး ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ဝင်တဲကူးကျေးရွာအုပ်စု၊ သစ်တောရွာခန်းမတွင် ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းဆီထွက်သီးနှံစီမံကိန်းအတွက် မျိုးစေ့နှင့် သွင်းအားစုပစ္စည်းများ ပေးအပ်ခြင်းနှင့် တောင်သူတွေ့ဆုံပွဲ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ဆီထွက်သီးနှံများအား ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လယ်ယာမြေများအား တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ သီးနှံများစိုက်ပျိုးရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ကို တိကျစွာ စနစ်တကျ လိုက်နာဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော တိုင်းပြည်သာယာဝပြောရေးနှင့် စာရေရိက္ခာဖူလုံစေရေးအတွက် အထွက်နှုန်းကောင်းအောင်၊ ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးတို့က စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက တောင်သူ များအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းဆီထွက်သီးနှံစီမံကိန်းအတွက် မျိုးစေ့နှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရွာသစ်-အောင်မြင်ကုန်း ကျေးရွာချင်းဆက်လမ်းပေါ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်လျက်ရှိသည့် ပလွေးချောင်းကူး ပေ ၁၅၀ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းနှင့် Box Culvert နှစ်တင်း တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တံတားရေရှည်ခိုင်ခန့်စေရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်စေရေး၊ ရေလမ်းကြောင်း ပြောင်းလဲမှုများအပေါ် စနစ်တကျ တွက်ချက်ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိဈေးသို့ သွားရောက်ပြီး ဈေးအတွင်း နေပြည်တော် ဒေသထွက်ကုန်နှင့် လက်ဆောင် ပစ္စည်းအရောင်းဆိုင်၊ MSME ထုတ်ကုန်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုကာ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသထွက်ကုန်ကြမ်းများကို အခြေခံပြီး ကုန်ချောထုတ်လုပ်၍ ပြည်တွင်း၌သာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း မှာကြားပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ အမှတ် (၂) အားကစားလေ့ကျင့်ရေးစခန်းသို့ သွားရောက်ပြီး ပဉ္စမအကြိမ်အမျိုးသားအားကစား ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်ကိုယ်စားပြု အားကစားသမားများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ဖြည့်စွက်အားဖြည့်စာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းစံပြကျေးရွာသို့ သွားရောက်ပြီး ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ခြံစနစ်ဖြင့် မွေးမြူထားသော ဆိတ်ခြံ၊ ဝက်ခြံ၊ ကျွဲခြံတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိရစ္ဆာန်အစာများ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တိရစ္ဆာန်များတွင် ကျရောက်တတ်သည့် ရောဂါများ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ရေပန်းဥယျာဉ်တွင် ပြည်သူလူထုများ စိတ်ချမ်းမြေ့စွာ အနားယူအပန်းဖြေနိုင်ရေးအတွက် ဆောင်ရွက်နေသည့် ရေပန်းဥယျာဉ် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ၊ ဥယျာဉ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်နှင့် ဉာဏသိဒ္ဓိရပ်ကွက်များရှိ ဝန်ထမ်းအိမ်ရာများနှင့် အိမ်ရာပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်ရှိ ပင်လောင်းလမ်း (အေးမြင့်သာယာတံတားအနီး) လမ်းဘေးဝဲ/ယာတွင် ပန်းအလှပင်များစိုက်ပျိုးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ဆင်သေချောင်းကူးတံတား(ဥယျာဉ်)သို့ သွားရောက်ပြီး ဆင်သေချောင်း ရေလမ်းကြောင်း မှန်ကန်စေရေး တူးဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ယာယီကမ်းထိန်းရေကာတာများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် တံတားပြုပြင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)