(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့် ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့အား ကြိုဆိုဂုဏ်ပြုခြင်းအခမ်းအနားကျင်းပ

လင်းခေး အောက်တိုဘာ  ၂၇

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရသည့် လင်းခေးခရိုင်ကိုယ်စားပြု ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့အား ကြိုဆိုဂုဏ်ပြုခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက လင်းခေးမြို့ နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်းသား/ကျောင်းသူများက “အနာဂတ်လူရည်မွန်” သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။

၎င်းနောက် လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ဗဟိုအဆင့်၊ ခရိုင်အဆင့်တို့၌ ပြိုင်ပွဲဝင်ခဲ့ကြသည့် လင်းခေး၊ မောက်မယ်မြို့နယ်နှင့် မိုင်းပန်မြို့နယ်မှ အကအဖွဲ့များက ရှမ်းတိုင်းရင်းသားရိုးရာအကများ၊ တစ်ပင်တိုင်အကများ၊ တိုးနယားအကနှင့် ကိန္နရီကိန္နရာအကအသီးသီးတို့ဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးက အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်)မှ ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရသည့် ခရိုင်ကိုယ်စားပြု ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး မိုင်းပန်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းဝင်းမောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)