တပ်ကုန်း အောက်တိုဘာ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကြက်သွန်ခင်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့်တည်ဆောက်မည့် စာကြည့်တိုက်အဆောက်အဦသစ်ပန္နက်တင်မင်္ဂလာကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာစာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာတွင် ကျင်းပသည်။
အဆိုပါ စာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်မည့်မြေနေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးအောင်မြင့်မိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင့်တင့်ခိုင်၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးသွယ်တို့က မင်္ဂလာအချိန်တွင်ပန္နက်တင်ပေးခဲ့ပြီးနောက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ရှင်းလင်းမှာကြားခဲ့သည်။
အဆိုပါကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေကျပ်သိန်း ၁၅၀ ဖြင့် အလျား ၂၀ပေ၊ အနံ ၁၉ ပေရှိ တစ်ထပ်စာကြည့်တိုက်အဆောက်အဦသစ် တည်ဆောက်မည်ဖြစ်ကြောင်း၊ အိမ်ထောင်စု ၃၄၇ စု၊ လူဦးရေ ၁၄၇၈ ဦးနေထိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းအဓိကဆောင်ရွက်ကြကြောင်း သိရသည်။
တင်စိုးလွင်