ညောင်ဦးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်လှစ်

ညောင်ဦး  အောက်တိုဘာ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ မင်္ဂလာမုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး  ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်စီမံအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ညောင်ဦးမြို့ပေါ်ရှိအခြေခံပညာကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများ ကျောက်ပန်းတောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့်ကျောင်း အုပ်ကြီးများ၊ ကိုယ်ပိုင်ကျောင်းများ၊ တည်ထောင်အုပ်ချုပ်သူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဘင်ခရာအဖွဲ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေစင်တို့အား အလေးပြုကာကြိုဆိုသည်။ ထို့နောက်  တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်မုဒ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးဖွင့်ပွဲတွင် ပါဝင်ဖျော်ဖြေကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်သည်။

ဒုတိယပိုင်းအခမ်းအနားကို အားကစားခန်းမတွင် ဆက်လက်ကျင်းပရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ “နိုင်ငံ့အကျိုးတွက် မျှော်မှန်းရည် ခိုင်မာတိုးတက်စေရမည်” Video Clip ပြသသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အမှာစကားပြောကြားသည်။

၎င်းနောက် ညောင်ဦးမြို့ မူလတန်းလွန်(၄) ကျောင်းသား၊ ကျောင်းသူများက ပုဂံအကဖြင့် ကပြဖျော်ဖြေကာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝေဝေဖြိုးက ညောင်ဦးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ကလက်ခံရယူသည်။ဆက်လက်၍ အမျိုးသားစာပေဆုရှင်စာရေးဆရာ ဒေါက်တာမောင်သင်းက စာဖတ်ရှိန်မြင့်၍ စာကြည့်တိုက်ဖွံ့ဖြိုးပါမှ ပညာတတ်နိုင်ငံတော်ဘဝရောက်မည်ခေါင်းစဉ်ဖြင့် စာပေဟောပြော ဆွေးနွေးသည်။ ဆက်လက်၍ ညောင်ဦးမြို့ အားသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှထာဝရသစ္စာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး၊ညောင်ဦးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြ စို့သီချင်းဖြင့် ကပြဖျော်ဖြေသည်။

၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းခန်းမ အသီးသီးရှိ ကလေးစာဖတ်ခန်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ ကလေးပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကားပုံဆက်နှင့် အရုပ်ဆက်ပြိုင်ပွဲ၊ မြှားပစ်ပြိုင်ပွဲ၊ ဂိုးကျဉ်းသွင်း၊ ဗူပေါင်းဖေါက်၊ ဘောလုံးဖေါက်ပြိုင်ပွဲများ၊ အာလူးကောက်၊ ဂုံနီအိတ်စွတ်အပြေးပြိုင်ပွဲ၊ ဗန်းရွက်ပြိုင်ပွဲ၊ ခါးကွင်းလှည့်၊ စက်ဝိုင်းလှည့်ပြိုင်ပွဲများ၊ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် ဆင်ရုပ်ချိုးအနာပညာပြခန်း၊ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနပြခန်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကာလိပ်ပြခန်း၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းပြခန်း၊ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းပြခန်း၊ ကိုယ်ပိုင်မူလတန်းကျောင်းများပြခန်း၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနပြခန်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်သစ်တောဦးစီးဌာနပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ဒီပါလင်း