ဟိုပုံး အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်မြင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်ရေးပွဲတော် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်ရေးပွဲတော်ရည်ရွယ်ချက်မှာ စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်မှ စာဖတ်သည့်အလေ့အထဖြစ်ပေါ်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ပွဲတော်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ ကျောင်းသား၊ ကျောင်းသူများမှ ပျော်ပွဲရွှင်ပွဲများ၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲများကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါပွဲတော်ကို အောက်တိုဘာလ(၃၀)ရက်နေ့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)