ကလောမြို့နယ် အောင်ပန်းမြို့၌ ဝင်ငွေတိုးစီမံကိန်း တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

ကလော အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက်ရှိ သမဝါယမခန်းမတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်မည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ရာ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီမံကိန်းအဖွဲ့ဝင်များ၊ ဒေသခံရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက အဖွင့်အမှာစကားပြောကြားရာတွင် ဒီနေ့ဖွင့်လှစ်တဲ့တန်ဖိုးမြှင့်စားသောက် ကုန်ထုတ်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကို မိမိဒေသမှ စိုက်ပျိုးရေးကထွက်ရှိတဲ့ သီးနှံများကိုအခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်တတ်အောင် သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ ယခုလို စိုက်ပျိုးရေးအခြေခံထွက်ကုန်များကို တန်ဖိုးဖြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မှသာ ဒေသအတွင်း စားရေရိက္ခာဖူးခြင်းနှင့် သွင်းကုန်အစားထိုးခြင်းကို ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ သင်တန်းမှာ သင်ကြားပေးမဲ့ ဘာသာရပ်တွေကတော့ Butter Cake၊ ကွတ်ကီး၊ လျှာပေါ်ဝဲ၊ နံကထိုင်၊ ပူတင်း၊ ကျောက်ကျော၊ Plane Caker သီးစုံကိတ်၊ ကိတ်ခြောက်စတဲ့ မုန့်အမျိုးမျိုးနဲ့ အာလူးကြော်၊ ငှက်ပျောကြော်၊ စာကလေးခွေ၊ ပဲပွကြော် ထုတ်လုပ်နည်းများကို သင်ကြားပေးသွားမှာဖြစ်ပြီး  ထုတ်ပိုးမှုပိုင်းဆိုင်ရာတွေ၊ အမှတ်တံဆိပ်တပ်ဆင်ခြင်းဆိုင်ရာတွေနဲ့ ကောင်းမွန်သောကျန်းမာရေး အလေ့အထ(GHP)အကြောင်းတွေကို သင်ကြားပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ရသုံးမှန်းချေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းသုံးပစ္စည်းများပေးအပ်ခဲ့ပြီး အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်တို့မှ သင်တန်းသား၊ သင်တန်းသူ ၁၅ ဦးကို စာတွေ့၊ လက်တွေ့ဖြင့် ပထမအကြိမ်အခြေခံသင်တန်းကို (၂၅-၁၀-၂၀၂၄) ရက်နေ့မှ(၃၁-၁၀-၂၀၂၄)ထိ သင်ကြားပေးမည်ဖြစ်ပြီး ဒုတိယအကြိမ် အဆင့်မြင့်သင်တန်းကို (၈-၁၁-၂၀၂၄) ရက်နေ့မှ (၁၄-၁၁-၂၀၂၄) သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

  မြို့နယ်(ပြန်/ဆက်)