စဉ့်ကိုင် အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြိုနယ် ပြင်းထန်၀မ်းပျက်၀မ်းလျှောဂါ တားဆီးကာကွယ်ရေးအဖွဲ့မှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာယနေ့နံနက်ပိုင်းက တအုံကျေးရွာအုပ်စုအတွင်းရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) ၀န်ထမ်းအိမ်ရာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ စဉ့်ကိုင်မြို့နယ် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးဦးစီးဌာနဒေါက်တာအေးလွင်နှင့်၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ၀မ်းပျက်၀မ်းလျှောရောဂါ ဖြစ်ပွားနိုင်သည့် ရေဆိုးမြှောင်းများ၊ ရေတွင်းရေကန်များ၊ သောက်သုံးရေများ၊ မီးဖိုချောင်များ၊ အိမ်သာများကို ပိုးသတ်ဆေးများ လိုက်လံပက်ဖျန်းခြင်း၊ သုံးရေများအား ကလိုရင်းဆေးခတ်ခြင်း၊ တစ်အိမ်နှင့်တစ်အိမ်အစားအသောက်များ ကူးလူးဆက်ဆံစားသောက်ခြင်းများကို အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိသည့်ကျောက်ဆည်တက္ကသိုလ်နှင့် မြို့ပေါ်ရပ်ကွက်များ/ကျေးရွာများတွင်လည်း ရောဂါကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)