ဘားအံ အောက်တိုဘာ ၂၂
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီတို့ ကြီးမှူးကျင်းပသော ဓမ္မစကူးလ်ဖောင်ဒေးရှင်း(၁၃၆၁)ကြိမ်မြောက် မူလတန်းအဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းနှင့် (၇၇)ကြိမ်မြောက် သူငယ်တန်း(KG)အဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဆေးဝင်္ကဘာကျောင်းတိုက်၌ ကျင်းပသည်။
ဦးစွာ သင်တန်းဆင်းပွဲကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ခေမာရာမကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသောပါကက ဩဝါဒကထာချီးမြှင့်တော်မူပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြကာ ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဓမ္မစကူးလ်ကော်မတီသို့ အလှူငွေကျပ်သိန်း(၃၀)ကို ပေးအပ်လှူဒါန်းပြီး သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ကာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကရင်ပြည်နယ်၊ ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် သရက်တောကျောင်းတိုက်ဆရာတော် အရှင်ဂမ္ဘီရဗောဓိက သင်တန်းဆင်းဩဝါဒကထာကိုမြွတ်ကြားပြီး ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကာ ယနေ့သင်တန်းဆင်းပွဲတွင် မူလတန်းအဆင့် ဓမ္မစကူးလ် ဆရာဖြစ်သင်တန်း၌ ၂၃ ဦး၊ သူငယ်တန်း(KG)အဆင့်ဆရာဖြစ်သင်တန်း၌ ၁၅ ဦးသင်တန်းဆင်းခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့ B.Ed(၄/၂၃)ဒုတိယနှစ် (စာပေးစာယူ)သင်တန်းဖွင့်ပွဲကို မွန်းလွဲ(၂)နာရီက အဆိုပါဒီဂရီကောလိပ် သီရိခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူ ၂၉၃ ဦးအတွက် ငွေကျပ် ၅၈၆၀၀၀ဝိ/-(ကျပ်ငါးဆယ့်ရှစ်သိန်းခြောက်သောင်း)ကို ထောက်ပံ့ပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမြင့်က သင်တန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြသည်။
ယနေ့ဖွင့်လှစ်သည့် ပညာရေးဘွဲ့ B.Ed ဒုတိယနှစ် စာပေးစာယူသင်တန်းကို အခြေခံပညာဦးစီးဌာနရှိ ကျောင်းများတွင် လိုအပ်လျက်ရှိသော အရည်အသွေးပြည့်ဝသည့် အထက်တန်းပြဆရာ/ဆရာမများ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာ၊ English Language Proficiency(ELP)၊ အထူးပြုဘာသာရပ်များ၏ သင်ပြနည်းနှင့်တတ်ကျွမ်းမှုဘာသာရပ်များကို တစ်လခွဲကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)