ပုဇွန်တောင် အောက်တိုဘာ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ရှိ သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ယနေ့နံနက်ပိုင်းက ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ ဥပုသ်သီလဆောက်တည်သူများနှင့် စတုဒီတာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိသည်။
ပုဇွန်တောင်မြို့နယ် အမှတ် (၇) ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် ဒေသခံပြည်သူများက မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားသည့် နေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များ ရေသပ္ပာယ်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ စတုဒီတာများ လာရောက်လှူဒါန်းခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းတို့ဖြင့် အသီးသီး လာရောက်ကုသိုလ်ယူကြသည်ကို တွေ့ရသည်။
ထို့အပြင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်တိုက်များရှိ ဆရာတော် သံဃာတော်ကြီးများထံ ဥပုသ်သီလတရားနာယူသူများ၊ အဘိဓမ္မာဒေသနာတော် ရွတ်ဖတ်ပူဇော်သူများ၊ ဘုရားပန်းလဲလှယ်သူများ၊ သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းသူများနှင့် စတုဒီတာလှူဒါန်းကြသူများဖြင့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဟန်စုယဉ်