နေပြည်တော် အောက်တိုဘာ ၁၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်အတွင်း လမ်းအဆင့်မြှင့်တင်ခြင်း၊ ရေကြီးရေလျှံမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများအတွင်း သွင်းအားစုထည့်သွင်းခြင်းသရုပ်ပြပွဲနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာအနီးတွင် မွန်းတည့်ခွင် - ကျည်တောင် - ခေါမ - ညောင်ပင်သာ လမ်းအား နေပြည်တော်လမ်းဦးစီးဌာနမှ ကွန်ကရစ်လမ်းခင်းခြင်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လမ်းရေရှည်ခိုင်ခံ့စေရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး၊ လမ်းပုခုံးသားများအား စနစ်တကျဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ကြို့တန်းကျေးရွာ၊ ကွင်းအမှတ် ၁၅၇၆၊ ယာယီရှင်းလင်းဆောင်တွင် ကျင်းပသည့် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် ပျက်စီးလယ်ယာမြေများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မတ်ပဲ၊ နှမ်း၊ နေကြာ၊ ပဲကြီးမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို တက်ရောက်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ရေကျပြီးနောက်ပိုင်း စပါးခင်းများ ပြန်လည်ကုစားရန်အတွက် နိုင်ငံတော်မှ တောင်သူများအတွက် လိုအပ်သည့်သွင်းအားစုများ ထောက်ပံ့ပေးခြင်းဖြင့် စပါးအထွက်နှုန်းများ မလျော့ကျစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ထိခိုက် ပျက်စီးခဲ့သည့် လယ်ယာမြေများ အမြန်စိုက်ပျိုးလုပ်ကိုင်နိုင်ရေး မြေပြုပြင်ပေးခြင်း၊ မျိုးစေ့များ ထောက်ပံ့ပေးခြင်း၊ သွင်းအားစုများ လက်ဝယ်အရောက်ရရှိရေးတို့ကို ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ရေကြီးရေလျှံခဲ့မှုကြောင့် ရေထုတ်မြောင်းများ၊ ရေနုတ်မြောင်းများတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် နုန်းများပြန်လည်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရေနစ်မြုပ်ခဲ့သည့် လယ်ယာမြေများအား အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး၊ တစ်ဧကအထွက်နှုန်းမြင့်မားရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ထိခိုက်ခဲ့သည့်စပါးခင်းများတွင် ပြန်လည်ကုစားရန်အတွက် သွင်းအားစုများ ထည့်သွင်းခြင်းကို တောင်သူများအနေဖြင့် ကွင်းသရုပ်ပြပွဲမှတစ်ဆင့် မိမိတို့စိုက်ခင်းများတွင် လက်တွေ့ကျကျ ပြန်လည်အသုံးချ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပျဉ်းမနားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းက ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ခဲ့သည့်စပါးခင်းများအား ပြန်လည်ကုစားရန်နှင့် သွင်းအားစုများ ထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပျက်စီးခဲ့သည့် လယ်ယာများ ပြန်လည်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစု ဓာတ်မြေဩဇာများနှင့် ပျက်စီးလယ်မြေများ ပြန်လည်စိုက်ပျိုးနိုင်ရေး မတ်ပဲ၊ နှမ်း၊ နေကြာ၊ ပဲကြီးမျိုးစေ့များကို တောင်သူများအား ထောက်ပံ့ပေးအပ်ကြရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ရေကြီးရေလျှံမှုကြောင့် စပါးခင်းများ ပြန်လည်ကုစားရန်အတွက် သွင်းအားစုများ ထည့်သွင်းခြင်း လက်တွေ့သရုပ်ပြသဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာအနီး ကျွန်းရောင်း - အိုင်စောက် - ပေါင်းလောင်း ရေနုတ်မြောင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရွာသစ်ကြီးကျေးရွာအတွင်း နေပြည်တော် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ရေဆိုးထုတ်မြောင်း တူးဖော်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအနီး ပင်လောင်းလမ်းဆုံ၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲ/ယာရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)