နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ရေဘေးကြောင့်မျောပါ ပျက်စီးသွားသည့် နေအိမ်များအတွက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်

လယ်ဝေး အောက်တိုဘာ ၁၄

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၊ လယ်ဝေးခရိုင်အုပ်ချုပ်ရေးမှူးဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များလိုက်ပါလျက် လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး မျောပါပျက်စီးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့်တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် အေးချမ်းသာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌  အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ရေဘေးသင့်အိမ်ထောင်စုများအတွက်ပေးအပ်သည့်  မျောပါပျက်စီးခဲ့သည့် လူနေအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေကျပ် ၂၃၅၀၀၀၀ (နှစ်ဆယ့်သုံးသိန်း၊ငါးသောင်း)စီအား အေးချမ်းသာ ကျေးရွာအုပ်စုမှ နေအိမ် ၂၀ လုံးအတွက် ငွေကျပ်သိန်း ၄၇၀   ကိုတစ်ဦးချင်းလက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး နေအိမ်များအမြန်ပြန်လည်ဆောက်လုပ်နိုင်ရန် အားပေးစကားပြောကြားကာ နေပြည်တော်ကောင်စီမှ ထောက်ပံ့သည့် ခေါက်ဆွဲခြောက်ထုပ်များနှင့်အသားစည်သွပ်ဘူးများအားပေးအပ်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် ရုံးပင်ကျေးရွာအုပ်စုဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက်ရုံးပင်ကျေးရွာအုပ်စုအတွင်းရှိ ရေမျောပါပျက်စီးသည့်နေအိမ် ၁၀ လုံးအတွက် ထောက်ပံ့ငွေကျပ် ၂၃၅၀၀၀၀၀ အား ထောက်ပံ့ပေးအပ်ကာ နေပြည်တော်ကောင်စီမှ ထောက်ပံ့သည့် ခေါက်ဆွဲခြောက်ထုပ်များနှင့် အသားစည်သွပ်ဘူးများ ပေးအပ်ကာ  အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် စစ်တောင်းမြစ်ဘေး ဝဲယာမှ ကျေးရွာများမှ လူနေအိမ် ၉၃ လုံးမျောပါပျက်စီးခဲ့ပြီး နေအိမ် ၂၂ လုံး တစ်စိတ်တပိုင်းပျက်စီးခဲ့သည့်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေများပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့်နေအိမ်များအတွက် ဆက်လက်ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)