ညောင်ရွှေ အောက်တိုဘာ ၁၄
ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ညောင်ရွှေမြို့ရှိ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်ရွှေမြို့၊ ရွှေရေကျ ကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထားဝင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကွင်းဆင်း ဆောင်ရွက်ရ ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တောင်ကြီးဆေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာလှဝင်းမြင့်က သွေးလွန်တုပ်ကွေးရောဂါအကြောင်း၊ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း၊ အစာအာဟာရသင့်တင့်မျှတစွာ စားသုံးတတ်စေရေးသိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအား စောင်၊ ဆား၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ မျက်နှာ သုတ်ပဝါ၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် ဘီစကစ်မုန့် အစရှိသော ထောက်ပံ့ပစ္စည်းများအား ပေးအပ်ခဲ့ကြပြီး တောင်ကြီးဆေးတက္ကသိုလ် ပါမောက္ခချုပ်ဦးဆောင်သော ကွင်းဆင်းကုသရေး အထူးကုအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ