တပ်ကုန်းမြို့၌ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင့်ခြင်း ကွင်းသရုပ်ပြပွဲနှင့်ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

တပ်ကုန်း အောက်တိုဘာ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ရာဂီမုန်တိုင်းအချိန်ဖြင့် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင့်ခြင်း ကွင်းသရုပ်ပြပွဲနှင့် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကံကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၄၂၆ ကွင်းတွင် ကျင်းပခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက သဘာဝဘေးကြောင့်ဖြစ်ပွားခဲ့သည့်ရပ်ကွက်၊ ကျေးရွာများတွင် သေဆုံးမှုနှင့်မျောပါအိမ်များအတွက် စနစ်တကျထောက်ပံ့ရေးလုပ်ငန်းများ၊ တိရစ္ဆာန်အသေများ အနံ့အသက်မထွက်ရှိအောင် ပရဟိတအဖွဲ့များနှင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ရပါကြောင်း၊ ကျေးရွာချင်းဆက်လမ်း ပျက်စီးမှုများအား စက်ယန္တရားများဖြင့် အမြန်ကောင်မွန်းသွားလာနိုင်ရေး၊ သောက်သုံးရေရရှိအောင် စက်ရေတွင်း၊ လက်နှိပ်တွင်းများကို တွင်းဆေး၊ တွင်းမှုတ်လုပ်ငန်းများ၊ လျှပ်စစ်မီးအမြန်ရရှိကောင်းမွန်းလာအောင်  ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြေအသုံးချရေးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးဝင်းဦးက ရေကြီးနစ်မြုပ်မှုကြောင့်ထိခိုက်ခဲ့သည့် စပါးခင်းများအား ပြန်လည်ကုစားရန်နှင့် သွင်းအားစုထည့်သွင်းခြင်းနှင့် သတိပြုသင့်သည့် နည်းပညာရပ်ဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ မြေအသုံးချရေးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးဝင်းဦး၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်နှင့်တာဝန်ရှိသူများက စပါးစိုက်ခင်း ၁၀၀ ဧက အတွက် မာလာမြိုင်ကုမ္ပဏီမှ ထောက်ပံ့သည့် ပိုတက်ဓာတ်မြေဩဇာ၊ ကျောက်မှုန့်၊ မှိုသတ်ဆေးနှင့်ပိုးသတ်ဆေးများကို တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းညွန့်က သွင်းအားစုများ အချိုးကျရောစပ်ပုံ၊ အသုံးပြုပုံအဆင့်ဆင့်ရှင်းလင်းပြောကြားပြီး၊ စပါးခင်းများအတွင်း သွင်းအားစုများနှင့်ပိုးသတ်ဆေး ဖျန်းပက်ကွင်းသရုပ်ပြမှုများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ညွှန်ကြားရေးမှူး ဦးဝင်းဦးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။

တပ်ကုန်းမြို့နယ်တွင် ရာဂီမုန်တိုင်းအချိန်ကြောင့် စပါးစိုက်ခင်း ၂၅၂၅၁ ဧက ရေနစ်မြုပ်ခဲ့ပြီး၊ ၈၆၄၁ ဧက ပြန်လည်ကောင်းမွန်း၍ ၁၆၆၁၀ ဧက ပျက်စီးခဲ့ပြီးနောက် ၂၃၂ ဧကအား ပြန်လည် စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်­­­