နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်၌ ကျေးရွာစာကြည့်တိုက်များ ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

ဥတ္တရသီရိ အောက်တိုဘာ ၁၂

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမျိုးချစ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဥတ္တရသီရိမြို့နယ်၌ ကျေးရွာစာကြည့်တိုက်များ ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် သရက်တော‌ကျေးရွာအုပ်စု၊ မသိမ်ကျေးရွာတွင် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးပြီး  တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်‌နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အဆောက်အဦ ဆောက်လုပ်ရာတွင် သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခန့်စေရေး၊ စံချိန်စံညွှန်း ပြည့်မီစေရေး၊ ရေရှည်စီမံချက်များ ချမှတ်ပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး စာကြည့်တိုက်အတွက် ဗဟုသုတနှင့်သိမှတ်ဖွယ်ရာ စာအုပ်များ‌ ပေးအပ်လှူဒါန်းရာ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များက လက်ခံရယူခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် တောင်ညို‌ကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာစာကြည့်တိုက်အသစ်ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက စာကြည့်တိုက် ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဝင်က စာကြည့်တိုက်တွင် နေ့စဉ်ထုတ်သတင်းစာများ ထားရှိရေး၊ သုတရသစာအုပ် စာစောင်များ စုံစုံလင်လင်ထားရှိနိုင်ရေး၊ ကျေးလက်နေပြည်သူများ အသိပညာ တိုးပွားနိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အဓိက အထောက်အကူပြုပေးနိုင်သည့် စာအုပ်စာပေများ ထားရှိနိုင်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားပြီး စာကြည့်တိုက်အတွက် ဗဟုသုတနှင့်သိမှတ်ဖွယ်ရာ စာအုပ်များ‌ ပေးအပ်လှူဒါန်းရာ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များက လက်ခံရယူခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တောင်ညိုကျေးရွာအုပ်စု၊ အောင်ချမ်းသိမ်း‌ကျေးရွာရှိ အောင်ချမ်းသိမ်း‌ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူး‌မြှော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့‌သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် အောင်ချမ်းသိမ်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား‌နေမှု အခြေအနေများကို ကြည့်ရှုအား‌ပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားကာ ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)