ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဇမ္ဗူသီရိ အောက်တိုဘာ ၁၂

စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာမဇင် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသည့် “အိမ်အပြန်မွေးနေ့လက်ဆောင်နှင့် အတွေးသစ်ဆောင်းပါးများ စုစည်းမှု” စာအုပ်ဖြင့် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိပါကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေး ရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ပါကြောင်းနှင့် စာရေးဆရာမဇင် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသည့် “အိမ်အပြန်မွေးနေ့လက်ဆောင်နှင့် အတွေးသစ်ဆောင်းပါးများစုစည်းမှု” စာအုပ်ပါ အကြောင်းအရာများအား မိတ်ဆက်ဆွေးနွေးခဲ့သည်။

ထို့နောက် စာရေးဆရာ၊ ဆရာမများဖြစ်သော အိုင်ပီမျိုးအောင်၊ ရွှေပြည်စိုး(မိုးကုတ်)၊ ကိုလင်း (အညာမြေ)၊ အညာသားဗတူး(ကျားတက်မြေ)၊ နွေဦးကိုကို(နေပြည်တော်)၊ မောင်ကျော်ဇော(ရှင်မတောင်နံ့သာမြေ)၊ ဌေးသစ်လွင်(ပရိမ္မ)၊ ယုံလေး၊ မေချို(ပျဉ်းမနား)၊ ဈာန်(စွမ်းအင်)၊ နန်းနန်း(စပါးကျီ)၊ ဒီရာစွမ်းအင်၊ ရာမညသွေးမွန်နှင့် စာပေဝါသနာရှင်များက စာရေးဆရာမဇင် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသည့် “အိမ်အပြန်မွေးနေ့လက်ဆောင်နှင့် အတွေးသစ်ဆောင်းပါးများစုစည်းမှု” စာအုပ်အားဖတ်ရှု၍ မိမိတို့၏ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများကို ပြန်လည်ဆွေးနွေးခဲ့ပြီး သုံးသပ်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် စာရေးသူ၏ခံစားရေးသားခဲ့မှုများကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)