ဘားအံ အောက်တိုဘာ ၁၁
ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ ကရင်ပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများအား အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် စည်သွပ်ဘူးနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ရေဘေးစခန်းများပိတ်သိမ်းပြီးဖြစ်သော်လည်း စားသောက်ရေးအဆင်ပြေစေရန် ထပ်မံထောက်ပံ့ပေးခြင်းဖြစ်ပြီး အိမ်ထောင်စု တစ်စုလျှင် အသားစည်သွပ်ဘူး ၂ ဘူး၊ လူတစ်ဦးလျှင် ခေါက်ဆွဲခြောက်(၁၀)ထုပ်နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားများပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ ယာယီပြောင်းရွှေ့နေထိုင်ခဲ့သော အိမ်ထောင်စု ၁၈၇ စု၊ လူဦးရေ ၈၀၃ ဦးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ စည်သွပ်ဘူး ၃၇၄ ဘူး၊ ခေါက်ဆွဲခြောက် ၈၀၃၀ ထုပ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံအားကစားရုံ၌ ယာယီပြောင်းရွှေ့နေထိုင်ခဲ့သော အိမ်ထောင်စု ၃၃၃ စု၊ လူဦးရေ ၁၄၉၂ ဦးအတွက် စည်သွပ်ဘူး ၆၆၆ ဘူး၊ ခေါက်ဆွဲခြောက် ၁၄၉၂၀ ထုပ်၊ လှာကမြင်အလယ်တန်းကျောင်းခွဲ၌ ယာယီပြောင်းရွှေ့နေထိုင်ခဲ့သော အိမ်ထောင်စု ၁၄၇ စု၊ လူဦးရေ ၆၃၇ ဦးအတွက် စည်သွပ်ဘူး ၂၉၄ ဘူး၊ ခေါက်ဆွဲခြောက် ၆၃၇၀ ထုပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ၊ ဖာပွန်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၃၈)ခု တွင် ပြောင်းရွှေ့နေထိုင်ခဲ့သော အိမ်ထောင်စု(၅၄၀၉)စု၊ လူဦးရေ(၁၉၄၂၁)ဦးအတွက် စည်သွပ်ဘူး ၁၀၈၁၈ ဘူး၊ ခေါက်ဆွဲခြောက် ၁၉၄၂၁၉ ထုပ်ကို ထောက်ပံ့ပေးခဲ့ရာ ကျန်ရှိသည့် ရေဘေးစခန်းများတွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသူများအားလည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ဆက်လက်၍ နေပြည်တော်တွင်ကျင်းပမည့် (၂၅)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)သို့ သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့အား ယမန်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက၂၀၂၃ ခုနှစ်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ကရင်ပြည်နယ်အနေဖြင့် ဆုတံဆိပ်များစွာ ဆွတ်ခူးရရှိစေရေး ပြိုင်ပွဲဝင်များအနေဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက်ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားပြီး အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ်သိန်း (၃၀၀) ကို တာဝန်ရှိသူများထံချီးမြှင့်ပေးအပ်သည်။
ထို့နောက် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) သို့ သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ကိုယ်စားပြု အနုသုခုမ ဝါသနာရှင်၊ ပညာရှင်များက တေးသီးချင်းများဖြင့် သီဆို၊ တီးမှုတ်၊ ကခုန်ဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)