နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း ရေဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ပျဉ်းမနား အောက်တိုဘာ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ မိုးရွာသွန်းခဲ့ပြီး ရေကြီးရေလျှံဖြစ်ပွားရာမှ ရေဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်များအတွက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ မိုးရွာသွန်းမှုများကြောင့် မြို့နယ် ၅ မြို့နယ်မှာ ထိခိုက်ခံစားခဲ့ရသလို မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တွေမှာလည်း ရေကြီး/ရေလျှံမှုများ ထိခိုက်ခံစားခဲ့ရကြောင်း၊ ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့်ကျေးရွာများကိုလည်း သန့်ရှင်းရေးများပြုလုပ်ခြင်းနှင့် စာသင် ကျောင်းများကိုလည်း သန့်ရှင်းရေးများပြုလုပ်ပေးခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့တွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း၊ စာအုပ်စာတမ်းများကိုလည်း အခမဲ့ရရှိရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပျဉ်းမနားမြို့နယ်အတွင်း သေဆုံးသူ ၁၆ ဦးအနက် ပိုင်ရှင်ရှိ ၁၃ ဦးကို နိုင်ငံတော်မှ ၅ သိန်း၊ နေပြည်တော်ကောင်စီမှ ၂ သိန်း၊ လူ/ကယ်/ပြန်(ဘေး/စီမံ)မှ ၃သိန်း စုစုပေါင်း သေဆုံးသူတစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ပြိုလဲနေအိမ် ၁၄၄ လုံးအတွက် တစ်အိမ်လျှင် အိပ်ဆောက်ပစ္စည်းဖိုး တစ်သိန်းနှင့်ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပုံးတစ်ပုံး ထောက်ပံ့ပေးလျက်ရှိကြောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်များကိုလည်း ကျပ်ငါးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိုးလေဝသဌာနက ထုတ်ပြန်တဲ့ သတင်းအချက်အလက်များကို စိတ်ဝင်တစား နားစွင့်နေရန်နှင့် ရာသီအချိန်အခါအလိုက် အမြဲမပြတ်လေ့လာကြပြီး ကြိုတင်ကာကွယ်ခြင်းနှင့် အနိုင်ယူကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများက ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေဘေးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအား ထောက်ပံ့ငွေများနှင့် ထောက်ပံ့ရေး ပစ္စည်းများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရေဘေးကြောင့် ထိခိုက်ပျက် စီးဆုံးရှုံးခဲ့ရသည့် ပြည်သူများတက်ရောက်ခဲ့ကြပြီး ပျဉ်းမနားမြို့နယ်အတွင်းရေဘေးကြောင့် ပြိုကျနေအိမ် ၁၀၉ လုံးအတွက် ထောက်ပံ့ငွေပေါင်း ကျပ် ၁၀၉ သိန်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ် ၉၇ လုံးအတွက် ထောက်ပံ့ငွေပေါင်း ကျပ် ၄၈ သိန်း ၅ သောင်း၊ စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၁၅၇ သိန်း ၅ သောင်းနှင့်  ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ကယ်ဆယ်ရေးပုံးများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များဖြစ်ကြည့်သည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့သည် ဇေယျာသီရိမြို့နယ်၊ ရွာသစ်ကြီးကျေးရွာ၊ ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ဆရာတော် ဦးတေဇနိယထံ ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၌ ပညာသင်ကြားနေသည့် ဆရာတော်၊ သံဃာတော်များအတွက် စာရေးကိရိယာများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များသည် ရွာသစ်ကြီးကျေးရွာအတွင်းရှိ ပြည်သူများအတွက် သောက်သုံးရေသန့်များရရှိစေရန်  ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၌ စအယ (၉၂၀) ရွာတော်ယန္တယားတပ်ခွဲမှ  စီစဉ်ဆောင်ရွက်ထားရှိသည့် ရေသန့်စက်အား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူက ရေသန့်စက် လည်ပတ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များသည် ရွာသစ်ကြီးကျေးရွာအတွင်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများအတွင်း အမှိုက်များ၊ နုန်းများ ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များသည် ဇေယျာသီရိမြို့နယ်၊ ‌ညောင်ပင်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် အဆင်ပြေစေရေးအတွက် ကျောင်းသုံး စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)