ပျော်ဘွယ် အောက်တိုဘာ ၁၀
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရမည်းသင်းခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လေ့လာကြည့်ရှုအားပေးခဲ့ကြသည်။
စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များမှ သန်းခေါင်စာရင်းအချက်အလက်များ မှန်ကန်စွာရရှိစေရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်ဖြင့် Mobile Tablet များအသုံးပြု၍ လူဦးရေနှင့်အိမ်အကြောင်းအရာ အချက်အလက်များ၊ အိမ်ထောင်စုမေးခွန်းပုံစံ (၆၈) ခုနှင့် အဖွဲ့အစည်းမေးခွန်းပုံစံ (၁၈) ခုတို့ဖြင့် ကွင်းဆင်းမေးမြန်းစာရင်းသွင်း ဖြည့်စွက်ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ ကွင်းဆင်းစာရင်းကောက်ယူနေမှုအား ရမည်းသင်းခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးလွင်နှင့် အဖွဲ့ဝင်များ၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)