အောင်မြေသာစံ အောက်တိုဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပူသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား၏ (၁၃၆)ကြမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဘုရားအရှေ့မုခ်၌ ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်က ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးကျော်လှိုင်၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ကျောက်တော်ကြီးဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌတို့က (၁၃၆) ကြိမ်မြောက် မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရားအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားပရဝုဏ်အတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါဘုရားပွဲတော်သည် မန္တလေးမြို့တွင် အထင်ကရနာမည်ကြီးဘုရားပွဲဖြစ်ပြီး ရက်အရှည်ကြာဆုံး ဘုရားပွဲလည်းဖြစ်သည်။ ပွဲတော်ကာလအတွင်း ကြည့်ချင်ဖွယ်ဇာတ်ပွဲများ မပါဝင်သော်လည်း ဈေးဆိုင်များနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အောင်စံ(ပြန်/ဆက်)