စဉ့်ကိုင်မြို့နယ်တွင် ထိခိုက်ပျက်စီးခဲ့သော မိုးသီးနှံစိုက်ခင်းများ အထွက်နှုန်းလျော့နည်းမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ပြီး ဟင်းသီးဟင်းရွက်သီးနှံမျိုးစေ့များ အခမဲ့ဖြန့်ဝေ

စဉ့်ကိုင် အောက်တိုဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေနိမ့်ပိုင်းလယ်ယာသီးနှံစိုက်ခင်းများ ရေများဝင်ရောက်ခဲ့ကြောင်းနှင့် ရေဝင်ခဲ့သည့် ထိခိုက်ပျက်စီးခဲ့သော မိုးသီးနှံစိုက်ခင်းများ အထွက်နှုန်းလျော့နည်းမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ပြီး ဟင်းသီးဟင်းရွက်သီးနှံမျိုးစေ့များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၏ စီမံညွှန်ကြားမှုဖြင့် တိုင်းမျိုးစေ့ တာဝန်ခံ/ကျောက်ဆည်ခရိုင် မြေ၊ မျိုး၊ ပိုးတာဝန်ခံ၊ ခရိုင်မျိုးစေ့တာဝန်ခံ မြို့နယ်ဦးစီးမှူး၊ စဉ့်ကိုင်စိုက်ခြံဦးစီးမှူးတို့မှ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်းခြား၊ ပတ္တာ၊ တောမ၊ အုန်ပင်ခြံ၊ စဉ့်ကိုင်းကြီးကျေးရွာများမှ တောင်သူများနှင့်တွေ့ဆုံ၍ ထိခိုက်သွားသော မိုးသီးနှံစိုက်ခင်းများ အထွက်နှုန်းလျော့နည်းမှုမရှိစေရေး၊ သွင်းအားစုများ စနစ်တကျထည့်သွင်းရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်းနင်းရေး၊ အပင်ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေး၊ ဆောင်းသီးနှံများကို အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးနိုင်ရန် ထယ်ရေးပြုပြင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး မျိုးစေ့တာဝန်ခံနှင့် တာဝန်ရှိသူများမှ မိုးသီးနှံ ထိခိုက်ပျက်စီးခဲ့သော စိုက်ပျိုးတောင်သူများအား မန္တလေးမြို့ မျိုးစေ့အရောင်းဆိုင်များမှ လှူဒါန်းသော ဟင်းသီး၊ ဟင်းရွက် မျိုးစေ့ထုပ်များနှင့် အသိပညာပေးလက်ကမ်းစာစောင်များအား လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သက်မောင်