မိုင်းကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာချစ်သူများ စာဖတ်ဝိုင်း ကျင်းပ

မိုင်းကိုင် အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတစ်ရပ်အဖြစ် စာရေးသူ ဒေါက်တာခင်မောင်ညိုရေးသားသော  "လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်သူ့စာကြည့်တိုက်၏ Book Club , Youth Clob, Women Club အဖွဲ့ဝင်များနှင့် စာချစ်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း၍ စာအုပ်ပါ “လူမျိုးမြင့်ဖို့ စာဖတ်စို့၊ ရှားလောဟုမ်းလည်း မှားတာပဲ” ခေါင်းစဉ်များဖြင့် စတင်ဆွေးနွေးပြီး စာချစ်သူများဖြစ်ကြသော နယ်မြေခံတပ်မှ  ဗိုလ်ကြီးလှဟန်ထွဋ်၊ မြို့နယ်ဥပဒေအရာရှိ  ဦးငြိမ်းချမ်းထက်၊ မြို့နယ်ရင်ခွင်မဲ့အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါ်နန်းသိန်းရွှေ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်တင်တင်မိုးတို့က “တာဝန်နဲ့ လိပ်ပြာသန့်မှု၊ အသုံးကျခြင်းနှင့် နှလုံးလှခြင်း၊ လူငယ်နှင့်စူးစမ်းလေ့လာမှုများ၊ အလှအပဆိုတာ၊ လူသားတွေရဲ့စွမ်းဆောင်မှု” စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးရာ တက်ရောက်လာသူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကာ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို  ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်မြေခံတပ်တို့က  ပူးပေါင်း စီစဉ်တင်ဆက်သော "နန်းဦးပျဉ်” နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲ၊ ပြခန်းကို  ဖွင့်လှစ်ပြသရာ တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)