ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

ဆင်ပေါင်ဝဲ အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက သန်းခေါင်စာရင်းကောက်ကွက်များတွင် ကွင်းဆင်းကောက်ယူမှုများကို ယနေ့နံနက်ပိုင်းက ကိုးပင်ကျေးရွာ၊ ကျောက်ဆောင်စမ်းကျေးရွာနှင့် အမှတ် (၃) ရပ်ကွက်အတွင်းရှိ ကောက်ကွက်များတွင် အောင်လံခရိုင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ စာရင်းစစ်၊ စာရင်းကောက်များမှ ဒေသခံပြည်သူများအား သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များ မေးမြန်းစာရင်းကောက်ယူနေမှုအား အောင်လံခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့်ကော်မတီဝင်များက လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသည့်လုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာအသီးသီးတို့၌ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း ၁၆၂ ကွက်အား စာရင်းစစ်၊ စာရင်းကောက် ၇၀ ဦးတို့မှ Mobile Tablet များ အသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့်စနစ်တကျ စာရင်းကောက်ယူလျက်ရှိရာ အောက်တိုဘာ (၈) ရက်နေ့အထိ ကောက်ကွက်ပေါင်း (၁၀၂) ကွက် ကောက်ယူပြီးစီးပြီး ကျန်ရှိနေသောကောက်ကွက်များကို အချိန်မီပြီးစီးရေး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)