မြဝတီ အောက်တိုဘာ ၄
ကရင်ပြည်နယ်၊ မြဝတီခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ်(၁)၊ (၂)နှင့် (၅)ရပ်ကွက်တို့၌ သောင်ရင်းမြစ်ရေဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်သည်။
ထို့သို့အသိပေးနှိုးဆော်ရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့် ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေပြီးဖြစ်၍ မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းပါးနေရာများသို့ ရေများဝင်ရောက်ပါက လူနှင့်တိရိစ္ဆာန်များ၊ ပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန် သတိပြုလိုက်နာရမည့် အချက်များနှင့် သက်ဆိုင်ရာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် ရပ်ကွက်အတွင်းရှိ လူစည်ကားရာနေရာများ၊ လမ်းဆုံ/လမ်းခွများနှင့် လမ်းမကြီးများတစ်လျှောက်တို့၌ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)