ကျောက်ဆည်မြို့နယ် မြေစိုကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ရုံးပတီသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

​ကျောက်ဆည် အောက်တိုဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မြေစိုကျေးရွာတွင် စိုက်ပျိုးထားသောရုံးပတီသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရုံးပတီသီးနှံသည် ရေကြိုက်နှစ်သက်သည့်သီးနှံတစ်မျိုးဖြစ်သောကြောင့် ရေသွင်းရေထုတ်လွယ်ကူစေရန် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် တစ်တောင်ခန့်အကွာ အစေ့တိုက်ရိုက်ချစိုက်ပျိုးကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းသင်ခြင်း၊ မြေဩဇာကျွေးပေးခြင်းများဖြင့် အပင်ကြီးထွားပြီး အသီးအထွက်နှုန်းကောင်းမွန်ကြောင်း၊ အပင်အပြုအစုကောင်းပါက (၃) လခန့်အထိ နေ့စဉ်ခူးဆွတ် ရောင်းချရကြောင်း ကိုင်းကျွန်းနုန်းမြေနုများတွင် စိုက်ပျိုးပါက ပိုမိုဖြစ်ထွန်းကြောင်း သိရသည်။

ရုံးပတီသီးနှံ တစ်ဧကစိုက်ပျိုးပါက မြေအမျိုးအစားနှင့် သွင်းအားစုအပေါ်မူတည်ပြီး ကုန်ကျငွေ ကျပ် (၂) သိန်းကျော် (၃) သိန်းနီးပါးကုန်ကျကြောင်း စိုက်ပျိုးပြီးရက်ပေါင်း (၆၀) ကျော်တွင် စတင်ခူးဆွတ်ရောင်း ချရပြီး ရောင်းချရာတွင် (၃) လခန့်ကြာအောင်ခူးဆွတ်ရောင်ချရသဖြင့် တစ်ပိဿာငွေ (၁၂၀၀) ကျပ်မှ (၁၈၀၀) ကျပ်အထိ ဈေးကွက်အပေါ်မူတည်ရောင်းချရကြောင်း ရုံးပတီသီးနှံစိုက်ပျိုးရောင်းချသူ ဦးထွန်းကျော်အောင်ထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)