ပုဗ္ဗသီရိ အောက်တိုဘာ ၂
ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ် မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်နှင့် ကျေးရွာများတွင် စတင်ကောက်ယူလျက်ရှိသည်။
ထိုသို့သန်းခေါင်စာရင်းကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများ အချက်အလက် (၆၈) ချက် မေးမြန်းကောက်ယူနေမှုများကို ပုဗ္ဗသီရိမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအသီးသီးတို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မိမိတို့နိုင်ငံ၏ ဘဏ္ဍာငွေအရင်းအမြစ်စွမ်းအားဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကာ၊ CAPI ၊ နည်းပညာဖြင့် Tablet အသုံးပြုပြီး ကောက်ယူခြင်းဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်အတွင်း တပ်ရင်းတပ်ဖွဲ့များအပါအဝင် ကောက်ကွက် ၃၀၉ ကွက်၊ စာရင်းစစ်၊ စာရင်းကောက် ၁၃၉ ဦးတို့ဖြင့် ကောက်ယူလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)