ရန်ကုန် အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်တွင် ပထမတံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော သန်လျင်ခရိုင်အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်တွင် သန်လျင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်သန်လျင် ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သိုက်ဝင်းတို့က ဂုဏ်ပြုအမှာစကားပြောကြားကြသည်။ ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာကော်မတီအတွင်းရေးမှူး ခရိုင်အားကစားမှူးဦးကျော်မင်းထွန်းက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပထမတံခွန်စိုက်ဒိုင်းရရှိသော သန်လျင်ခရိုင်အသင်းအား ဂုဏ်ပြုဆုငွေများနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်အားကစားမှူးအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်လူမှုရေးရာဝန်ကြီးဦးဌေးအောင်တို့က ချီးမြှင့်ပေးအပ်ကြသည်။
ယင်းနောက် အောင်ပွဲရအားကစားသမားများကိုယ်စား နည်းပြတစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ သန်လျင်ခရိုင် အားကစားအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်တွင် ရွှေတံဆိပ်ဆု (၄၁)ဆု ၊ ငွေတံဆိပ်ဆု ( ၃၇)ဆု၊ ကြေးတံဆိပ်ဆု (၂၉ )ဆု စုစုပေါင်း (၁၀၇)ဆုဖြင့် တံခွန်စိုက်ဆုရရှိခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင်ပြန်/ဆက်)