ဇေယျာသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ

ဇေယျာသီရိ အောက်တိုဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ရပ်ကွက်၊ ကျေးရွာများ၌ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ သန်းခေါင်စာရင်းကောက်ယူမှုတွင် စာရင်းကောက်သူတို့က လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာ အချက်အလက်များ၊ အိမ်အကြောင်းအရာများ စနစ်တကျမေးမြန်းနေမှုများကို ဇေယျာသီရိမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်မှူး ဦးနေမျိုးအောင်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကြသည်။

ဇေယျာသီရိမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အသီးသီးတို့၌ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း ၁၈၇ ကွက်ရှိပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို စာရင်းစစ်၊ စာရင်း ကောက် ၂၁၄ ဦးတို့မှ လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)