၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လှည်းကူးမြို့နယ်၌ ကွင်းဆင်းကောက်ယူခြင်းစတင်ဆောင်ရွက်

လှည်းကူး အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်များသည် ယနေ့နံနက် (၇) နာရီတွင်မြို့ပေါ် (၅)ရပ်ကွက်နှင့်၊ ကျေးရွာများ၌ စတင်စာရင်းကောက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် မြို့နယ်အတွင်းရှိဆေးရုံ၊ မြို့ပေါ်(၅)ရပ်ကွက်၊ ကျေးရွာများတွင်နေထိုင်သောသူများ၏ လူဦးရေဆိုင်ရာ အချက်အလက်များ မေးမြန်းကောက်ယူနေမှုများကို လှည်းကူးခရိုင်၊ ခရိုင်လဝကမှူး ဒေါ်နွယ်နီခင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနောင်၊ အတွင်းရေးမှူးမြို့နယ် လဝက ဦးစီးမှူး ဦးဇော်မင်းကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ လှည့်လည် အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းသည် လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်ထောင်စုများ၏ ဝိသေသလက္ခဏာများကို ရရှိနိုင်သည့် အရေးကြီးသော ရင်းမြစ်တစ်ခုဖြစ်သည်နှင့်အညီ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ နံနက်(၇)နာရီမှ ညနေ(၆)နာရီအတွင်း နေအိမ်များသို့ လိုက်လံကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)