မိုင်းယု အောက်တိုဘာ ၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် နိုင်ငံတော်နှင့်ပြည်သူအတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးစသည့်လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်သူတစ်ဦးချင်းစီနှင့် ပြည်သူအားလုံး၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်အတွင်းရှိ ပြည်သူတို့၏ နေအိမ်များသို့ လိုက်လံကွင်းဆင်း ကောက်ယူနေလျက်ရှိကြသည်။
အဆိုပါ ကွင်းဆင်းကောက်ယူနေမှုကို မိုင်းယုမြို့သန်းခေါင်စာရင်းကောက်ယူရေးကော်မတီအဖွဲ့ခေါင်းဆောင် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး ဦးဆောင်သည့် စာရင်းစစ်နှင့်စာရင်း ကောက်ယူရေးအဖွဲ့ဝင်များက မြို့မရပ်ကွက်အတွင်းပါရှိသည့် ပြည်သူတို့၏ နေအိမ်များသို့ လိုက်လံကွင်းဆင်းကာ ပြည်သူတစ်ဦးချင်းစီ၏ အမည်၊ အိမ်ထောင်စုဦးစီးနှင့် တော်စပ်ပုံ၊ ကျား/မ၊ ပြည့်ပြီးအသက်၊ မွေးသက္ကရာဇ်(ရက်/လ/နှစ်)၊ ကိုးကွယ်သည့်ဘာသာ၊ အဓိကပြောဆိုနိုင်သည့် ဘာသာစကား၊ ကိုင်ဆောင်သည့် လက်မှတ်၊ အိမ်ထောင်ရေးအခြေအနေ၊ မွေးစာရင်း၊ ပြောင်းရွေ့သွားလာမှု၊ ပညာရေး၊ အလုပ်အကိုင်၊ ကိုယ်အင်္ဂါသန်စွမ်းမှုအခြေအနေ၊ နေအိမ်အမျိုးအစားနှင့် ပိုင်ဆိုင်မှုများစသည်တို့ကိုစုံလင်စွာ ဖြည့်တင်း ကောက်ယူနေလျက်ရှိကြောင်း သိရသည်။
ယင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ကွင်းဆင်းကောက်ယူမှုကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ စုစုပေါင်း ၁၅ ရက်ကြာကောက်ယူသွားမည် ဖြစ်ကြောင်းနှင့် နေ့စဉ်နံနက် ၇ နာရီမှ ညနေ ၆ နာရီထိဖြစ်ပြီး အဆိုပါ လာရောက်ကောက်ယူမည့်ရက်တို့၌ ပြည်သူများကို အသိပေးထားမည်ဖြစ်ကြောင်း၊ ယင်းကောက်ယူမည့် စာရင်းများကို တိကျမှန်ကန်စွာ ပြည်သူများက ဖြေဆိုပေး၍ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း စသည်တို့အား ကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်