ပုသိမ်ကြီး စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက (အ.ထ.က) ပုသိမ်ကြီးရှိ အောင်ဇမ္ဗူခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲဗလ အောင်ကျော်ဦးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရင်းစစ်၊ စာရင်းကောက် ခန့်အပ်လွှာများနှင့် စာရင်းကောက်ကွက် မြေပုံများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းအား စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖွင့်လှစ်ပို့ချခဲ့ပြီး၊ သင်တန်းနည်းပြ (၁၅)ဦးဖြင့် သင်တန်းသား/သူ (၂၀၂)ဦးအား စာရင်းစစ်၊ စာရင်းကောက် သင်တန်းများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲဗလအောင်ကျော်ဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသား/သူများ စုစုပေါင်းအင်အား (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)