ကျောက်ဆည် စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောက်ဆည်မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၃)နာရီက အမှတ်(၉) အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် အမှတ်(၉) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသတများရရှိရေး အသိပညာပေးဟောပြောခြင်းများပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ငယ်စဉ်အခါပညာရှာဆိုသည့်အတိုင်း ငယ်ရွယ်စဉ်အချိန်ကပင် စာပေများဖတ်ရှု့လေ့လာ သွားကြစေလိုကြောင်း၊ အားလပ်သည့်အချိန်များတွင် ပညာကိုအပတ်တကုတ်ရှာဖွေ့လေ့လာ ဖတ်ရှု့ထားပါက လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာတွင် အလွယ်တကူထုတ်ယူသုံးစွဲနိုင်သည့်အတွက် မိမိတို့ဘဝတွင် အောင်မြင်ကြီးပွားသူများ မလွဲဧကန်ဖြစ်မှာဖြစ်ကြောင်း၊ စာအုပ်စာပေသည် စစ်မှန်သော လူ့မိတ်ဆွေဖြစ်သောကြောင့် အစဉ်အမြဲရှာဖွေရှု့စေကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာစောင်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်းများနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)