မိုင်းယောင်း စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးသက်နောင်ထူးနှင့် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်တို့က အမှာစကားပြောကြားခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သန်းခေါင်စာရင်းကွပ်ကဲရေးရုံးအဖွဲ့များ၊ စာရင်းစစ်၊ စာရင်းကောက်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်စာရေးများ စုစုပေါင်းအင်အား (၁၃၀)ဦး တက်ရောက်ခဲ့ကြသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက်များ၏အလုပ်ရုံ ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နန်းပန်(ပြန်/ဆက်)