ကျောက်ပန်းတောင်းမြို့နယ် တောင်ခြေကျေးရွာတွင် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာပြုလုပ်

ကျောက်ပန်းတောင်  စက်တင်ဘာ   ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လယ်ယားတောင်ကျေးရွာအုပ်စု၊ တောင်ခြေကျေးရွာတွင် ကျေးရွာနေ ပြည်သူများ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတ မြင့်မားတိုးတက်လာစေရေးအတွက် ကျေးရွာစာကြည့်တိုက် ဆောက်လုပ်မည်ဖြစ်ရာ စာကြည့်တိုက် ပန္နက်တင်မင်္ဂလာကို ယနေ့နံနက် (၉) နာရီက အဆိုပါစာကြည့်တိုက်ဆောက်လုပ်မည့် ကျေးရွာပိုင် မြေကွက်လပ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန္နက်တင်ပွဲမစတင်မီ မြို့နယ်စာကြည့်တိုက် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ရေး ကော်မတီဝင် ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် စာကြည့်တိုက် ဆောက်လုပ်ပေးရခြင်း ရည်ရွယ်ချက်များနှင့် ယင်းရည်ရွယ်ချက်များ ပေါက်မြောက် အောင်မြင်အောင် ဆောင်ရွက်ပေးရမည့် အခြေအနေများ၊   စာကြည့်တိုက်ဆောက်လုပ်ရာတွင် မကုန်ကျသင့်သည်များ မကုန်ကျဘဲ ကျေးရွာလုပ်အား ပါဝင်ဆောင်ရွက်သွားကြရန်တို့ကို မှာကြားသည်။

ယင်းနောက် မင်္ဂလာအချိန်တွင် ပန္နက်တင်မင်္ဂလာ ပြုလုပ်ရာ မြို့နယ်စာကြည့်တိုက်ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် ဒုတိယဦးစီးမှူး ဒေါ်သဲဖြူ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစာကြည့်တိုက်ဖြစ်မြောက်ရေး ကော်မတီဝင် ရပ်မိရပ်ဖများက သတ်မှတ်နေရာ အသီးသီးတွင် တစ်ပြိုင်နက် ပန္နက်တင်မင်္ဂလာ ပြုလုပ်ပေးကြသည်။

အဆိုပါ ကျေးရွာစာကြည့်တိုက်ကို မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းရန်ပုံငွေ ကျပ်သိန်း ၁၅၀ ဖြင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရပြီး အလျားမှာ ၂၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ် (၁)ထပ် အဆောက်အဦကို ကျေးရွာပိုင်မြေပေါ်တွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)